
AI ခေတ်နဲ့ Programming
နည်းပညာများက တစ်နေ့ထက် တစ်နေ့ အလျှင်အမြန်တဟုန်ထိုး တိုးတက်ပြောင်းလဲလာနေပါတယ်။ ထိုနည်းပညာတိုးတက်မှုများတွင် အထူးသဖြင့် Artificial Intelligence (AI) ဟာ အဓိကအခန်းကဏ္ဍအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ထိုအခန်းကဏ္ဍများထဲမှ Programming (Computer Programming) ဆိုတယ့် နည်းပညာသည်လည်း ကျွန်တော်တို့ လူငယ်တွေရဲ့ Career အတွက်လည်းကောင်း၊ အနာဂတ်အတွက်လည်းကောင်း အရေးပါလာပါတယ်။ ဒီ article မှာ “Programming ဆိုတဲ့ နည်းပညာက ဘာလဲဆိုတာ ”ကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
Programming ဆိုတာဘာလဲ?
Programming ဆိုတာက “ကွန်ပျူတာကို ဘာလုပ်စေချင်တယ်ဆိုတာကို တိကျစွာ ရေးသားဖော်ပြခြင်း” ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာ ဆိုသည်ကား ကျွန်တော်တို့ လူသားတွေလိုမျိုး မေးလိုက်ရင် ချက်ချင်း ဖြေနိုင်တတ်တဲ့အရာ မဟုတ်ပါဘူး။ သူကို နားလည်နိုင်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ပြီး လုပ်ဆောင်ချက်တွေကို တိတိကျကျ ပြောပေးဖို့ လိုအပ်ပါတယ်။
ဥပမာအနေနဲ့ — လူသားတစ်ယောက်ကို “အိမ်ကို သွားပါ” လို့ပြောလို့ရပေမယ့်ကွန်ပျူတာကိုတော့
- ဘယ်လမ်းကို သွားမယ်၊
- ဘယ်အချိန်မှာ ဘယ်ဘက်လှည့်မယ်၊
- ဘယ်အချိန်မှာ ရပ်မယ်
စသဖြင့် အကြောင်းအရာအသေးစိတ်အထိ ပြောဖို့ လိုပါတယ်။
ဒါကြောင့်ပဲ Programming ဆိုတာက စကားပြောတာထက် ပိုပြီး သေချာ တိကျမှုကို လုပ်ဆောင်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို တိတိကျကျ ရေးသားဖော်ပြဖို့ Language တစ်ခုအဖြစ် ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ အဲဒီကနေတဆင့် ကျနော်တို့ လက်ရှိ အသုံးပြုနေတယ်Programming Language တွေ ဖြစ်လာပါတယ်။ Programming Language တွေက ကွန်ပျူတာ နားလည်နိုင်အောင် ရေးသားဖော်ပြဖို့ အတွက် ပြင်ဆင်ထားတဲ့ Tools များပင် ဖြစ်ပါတယ်။
AI (Artificial Intelligence) ကို ဖန်တီး ပြုလုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ Programming Language တွေက အခြေခံ လိုအပ်ချက်တွေထဲက တစ်ခုအဖြစ် ပါဝင်နေပါတယ် ။ ဥပမာအားဖြင့် — အသံနားထောင်တတ်တဲ့ AI ဖြစ်ဖို့၊ ပုံကိုခွဲခြားတတ်ဖို့၊ စကားပြောတတ်ဖို့ ဆိုတာမျိုးတွေကို ရှင်းပြပေးဖို့ Programming Langauge တွေ က မဖြစ်မနေပါဝင်ရပါတယ်။ တစ်နည်းအားပြောရရင် — AI ဟာ တီထွင်မှုတစ်ခုဆိုရင်၊ Programming ဟာ အဲဒီတီထွင်မှုကို အလုပ်လုပ်အောင်လုပ်ပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
Programming က Code ရေးတာတင်မဟုတ်ပဲ ကြုံတွေနေရတယ့် ပြဿနာတစ်ခုကို သုံးသပ်ဖို့၊ နည်းလမ်းကျကျဖြေရှင်းဖို့၊ အဆင့်ဆင့် စီမံနိုင်ဖို့ လိုအပ်တဲ့ စဉ်းစားမှု၊ မှန်ကန်သော နည်းလမ်းဖြင့် ဖြေရှင်းတတ်ဖို့ လည်းလိုအပ်ပါတယ်။ဒါ့အပြင် ကျွန်တော်တို့ အထင်မှားတတ်တာကတော့ Programming ကို Computer Science နဲ့ တစ်ခုတည်းထင်ကြတတ်တာပဲ။ တကယ်တော့ Programming ဆိုတာက Computer Science ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။
Computer Science ဆိုတာက ကွန်ပျူတာနည်းပညာ တစ်ခုလုံးကို စူးစမ်းလေ့လာတဲ့ ပညာဖြစ်ပြီး Operating System, Network, Database, Security, Artificial Intelligence, Algorithm theory စတဲ့ အခန်းကဏ္ဍတွေ အများကြီး ပါဝင်ပါတယ်။ Programming ကတော့ ဒီနည်းပညာတွေနဲ့ ဆက်နွယ်ပြီး ကွန်ပျူတာကို အလုပ်လုပ်စေဖို့လိုအပ်တဲ့ နည်းလမ်းတွေနဲ့ code တွေကို ရေးသားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။
ယနေ့ခေတ် AI နည်းပညာမှာလည်း Programming က လူငယ်တွေ၊ ကျောင်းသားတွေ၊ နည်းပညာသမားတွေအတွက် အရေးကြီးတဲ့ အရာ တစ်ခု ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။ Programming ကို ကျွမ်းကျင်စွာ လေ့လာခြင်းဖြင့် နည်းပညာတိုးတက်မှုများအတွက် အဆင့်မြှင့်တင်နိုင်ပြီး ကိုယ်ပိုင် အလုပ်အကိုင်များကို ဖန်တီးနိုင်မယ့် အခြေခံကျတဲ့ ကျွမ်းကျင်မှုတစ်ခု လည်း ဖြစ်လာနေပါပြီ။
နည်းပညာကို စိတ်ဝင်စားတဲ့ လူတွေအနေနဲ့ Programming ကို သေချာ နားလည်ပြီး၊ Algorithm တွေကို သင်ယူကာ၊ ပြဿနာတွေကို နည်းလမ်းကျကျ ဖြေရှင်းတတ်ဖို့က အရေးကြီးလှပါတယ်။ ဒါကြောင့် Programming Language တွေကို သေချာ လေ့လာသင်ယူကာ နည်းပညာအသစ်တွေကိုလည်း နေ့စဉ် သုံးပြီး ကိုယ့်အနာဂတ်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြပါစို့ လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Myat Khine Lin
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
GIC Myanmar Co., Ltd.
Senior Software Engineer
၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ Local ကုမ္ပဏီ တစ်ခုတွင် Web Developer အဖြစ် အလုပ်အကိုင်စတင်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်ကုမ္ပဏီဖြစ်သော Brycen Myanmar တွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး၊ Software Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၃ ခုနှစ်မှစ၍ ယနေ့အထိ GIC Myanmar တွင် Senior Software Engineer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ Web နှင့် Application Development လုပ်ငန်းများ ၊ System Design အပါအဝင် Design မှ Implementation၊ Testing၊ Operation အထိ လုပ်ငန်းစဉ်အပေါ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။